ရေမြေသဘာဝနှင့် နေရာဒေသကိုယ်စားပြု အပင်အာဟာရဓာတ်များ စီမံခန့်ခွဲမှု နည်းပညာ (Site Specific Nutrient Management – SSNM) သည် စပါးသီးနှံအတွက် အဓိကလိုအပ်သည့် အာဟာရဓာတ်များကို အသင့်တော်ဆုံးသော ပမာဏဖြင့် ဖြည့်စွက်ထည့်သွင်းပေးနိုင်သော နည်းလမ်းဖြစ်ပါသည်။

အခြေခံသဘောတရား

စပါးသီးနှံအတွက် ရေမြေသဘာဝနှင့်နေရာဒေသ ကိုယ်စားပြု အပင်အာဟာရဓာတ်များ (Plant Nutrients) စီမံခန့်ခွဲမှုနှင့်သက်ဆိုင်သော အခြေခံသဘောတရားတစ်ရပ်ကို ၁၉၉၀ ခုနှစ်ပိုင်းအတွင်းက ဖော်ထုတ်ခဲ့ပါသည်။ ထို့နောက် ယင်းအခြေခံသဘောတရားကို အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အာရှတိုက်အတွင်း နိုင်ငံပေါင်း (၆) နိုင်ငံရှိ ဆည်ရေသောက်ဒေသ (၈) နေရာတွင် စမ်းသပ်ကွက်ပေါင်း (၂၀၀) ကို ၁၉၉၇ ခုနှစ်မှစတင်၍ဖော်ထုတ်လုပ်ဆောင် ခဲ့ပါသည်။

ဤနည်းပညာ၏ အဓိကရည်ရွယ်ချက်မှာ စိုက်ကွက်အခြေခံ၍ နိုက်ထရိုဂျင်၊ မီးစုံး နှင့် ပိုတက်စီယမ် ဓာတ်မြေသြဇာ များကို စပါးပင်ကလိုအပ်ချိန်တွင် အသင့်လျော်ဆုံးနည်းလမ်းဖြင့် ထည့်သွင်းနိုင်ရန်ဖြစ်ပါသည်။ သီးနှံပင်၏ နိုက်ထရိုဂျင် (Nitrogen) ၊ မီးစုံးဓာတ် (Phosphorus) နှင့် ပိုတက်စီယမ် (Potassium) လိုအပ်ချက် ပမာဏကို ဆုံးဖြတ်ရာတွင် မျှော်မှန်းချက်အထွက်နှုန်း (ပန်းတိုင်အထွက်နှုန်း) ရရှိရန် သီးနှံပင်အတွက် လိုအပ်ချက်ပြည့်မီအောင်အလုံအလောက် ထည့်သွင်းပေးရမည့် အာဟာရဓာတ်ပမာဏနှင့် အခြားသော အရင်းအမြစ်များ (မြေဆီလွှာ၊ ဇီဝမြေသြဇာများ၊ သစ်ဆွေးဓာတ်များနှင့်သွင်းရေ) မှ သဘာဝအလျောက် ဖြည့်တင်းပေးသည့် အာဟာရဓာတ်ပမာဏ(၂)ရပ်၏ ခြားနားချက်အပေါ်မူတည်၍ ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။

လက်ရှိအသုံးပြုသော နည်းပညာ

ရေသွင်းစပါး သုတေသနလုပ်ငန်းအဖွဲ့အစည်း (Irrigated Rice Research Consortium – IRRC) သည် အာရှတိုက်ရှိ (၈) နိုင်ငံမှ ယင်းတို့၏ နိုင်ငံဆိုင်ရာ စိုက်ပျိုးရေးသုတေသနနှင့် တိုးချဲ့ပညာပေးရေးအဖွဲ့များ (National Agriculture Research and Extension Systems – NARES) နှင့် ပူးပေါင်း၍ အထက်ဖော်ပြပါ ရေမြေသဘာဝနှင့် နေရာဒေသကိုယ်စားပြု အပင်အဟာရဓာတ်များ စီမံခန့်ခွဲမှု နည်းပညာသဘောတရားကို ခြုံငုံ၍ ပိုမိုရှင်းလင်း လွယ်ကူစေမည့် နည်းပညာရပ်တစ်ခု ဖြစ်လာစေရန် လုပ်ဆောင်ခဲ့ပါသည်။ ယင်းနည်းပညာမှာ စပါးပင်၏ အာဟာရဓာတ် လိုအပ်ချိန်ကို အခြေခံ၍ နိုက်ထရိုဂျင်၊ ဖော့စဖိတ်နှင့် ပိုတက်စီယမ် ဓာတ်မြေသြဇာတို့ကို စီမံခန့်ခွဲသော နည်းလမ်း (Plant-need-based management of N,P and K) ဖြစ်သည်။

ဤနည်းပညာဖြင့် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။

စိုက်ကွက်နှင့် စိုက်ပျိုးရာသီ၏ အခြေအနေအရ နိုက်ထရိုဂျင်၊ ဖော့စဖိတ်နှင့် ပိုတက်စီယမ် ဓာတ်မြေသြဇာများ ထည့်သွင်းရေးအတွက် ထိရောက်စွာ စီမံခန့်ခွဲနိုင်သည်။

မူလရှိရင်းစွဲဖြစ်သော သဘာဝအရင်းအမြစ်များမှ ရရှိသည့် အာဟာရဓာတ်များ Existing (indigenous) nutrients coming from the soil, organic amendment, crop residues, manure and irrigation water (မြေဆီလွှာ၊ ဇီဝမြေသြဇာ၊ သစ်ဆွေးဓာတ်၊ တိရိစ္ဆာန်အညစ်အကြေးနှင့်သွင်းရေ) ကို အကျိုးရှိစွာ အသုံးပြုနိုင်သည်။

စပါးရွက်အရောင်တိုင်းကဒ် (Leaf color chart – LCC) ကို အသုံးပြု၍ နိုက်ထရိုဂျင် ဓာတ်မြေသြဇာကို အပင်က လိုအပ်ချိန်တွင် လိုအပ်သည့်ပမာဏအတိုင်း ထည့်သွင်းပေးနိုင်သည်။

အာဟာရဓာတ်ချန်လှပ်ကွက် (Nutrient omission plots) နည်းလမ်းများကို အသုံးပြု၍ ဖော့စဖိတ်နှင့် ပိုတက်စီယမ် လိုအပ်ချက်များကို အဆုံးအဖြတ်ပြုနိုင်သည်။

ဒေသဆိုင်ရာထောက်ခံချက်များအပေါ် အခြေခံ၍ အနည်းလိုအာဟာရဓာတ် (Micro-nutrients) များကို အသုံးပြုနိုင်သည်။


ဆက်လက်ရေးသားပါဦးမည်။

This article originally appeared in English-version at: IRRI Myanmar
Photo Reference: IRRI

Advertisements