ယခင်ရေးသားခဲ့သော ဆောင်းပါး “မြန်မာနိုင်ငံစပါးသီးနှံ စိုက်ပျိုးရေးအတွက် နေရာဒေသကိုယ်စားပြု အပင်အာဟာရဓာတ်များ စီမံခန့်ခွဲခြင်းနည်းပညာ” ပြီးနောက်တွင် ဆက်လက်၍ လေ့လာဖတ်ရှု့ ရမည့် အကြောင်းမှာ စပါးသီးနှံအာဟာရဓာတ်များ စီမံခန့်ခွဲခြင်းနည်းပညာ ဖြစ်ပြီး ၄င်းအား အဆင့် (၃) ဆင့်ဖြင့် အောက်ပါအတိုင်း ခွဲခြမ်းလေ့လာနိုင်သည်။

အဆင့် (၁) ရရှိနိုင်သော ပန်းတိုင်အထွက်နှုန်း လျာထားသတ်မှတ်ခြင်း

စပါးအထွက်သည် နေရာဒေသနှင့် စိုက်ပျိုးချိန်များ (ရာသီဥတု၊ အသုံးပြုသည့်မျိုးနှင့် စိုက်ပျိုးခြင်းဆိုင်ရာစီမံခန့်ခွဲမှုများ) အပေါ်မူတည်ပါသည်။ နေရာဒေသတစ်ခုနှင့် ရာသီဥတုကာလ တစ်ရပ်အတွက် ပန်းတိုင်အထွက်နှုန်းကို ခန့်မှန်းရာတွင် လယ်သမား၏ စပါးစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ စီမံခန့်ခွဲမှု နည်းလမ်းများကိုလည်းကောင်း၊ နိုက်တြိုဂျင်၊ ဖော့စဖိတ်နှင့် ပိုတက်ဆီယမ် ဓာတ်မြေသြဇာများကို အသုံးပြုခြင်းနှင့်သက်ဆိုင်သော ပြဿ      နာရပ်များကိုလည်းကောင်း မူတည်၍ ရရှိနိုင်ဘွယ်ရာရှိသောအထွက်ကို ခန့်မှန်းခြင်း ဖြစ်ပါသည်။

စပါးပင်က စုပ်ယူစားသုံးသော အာဟာရဓာတ်ပမာဏသည် စပါးအထွက်နှင့်တိုက်ရိုက် ဆက်စပ်မှုရှိပါသည်။ ထို့ကြောင့် ပန်းတိုင်အထွက်နှုန်းသည် စပါးပင်က စုပ်ယူစားသုံးရမည့် အာဟာရဓာတ် စုစုပေါင်းပမာဏကို ညွနှ်းဆိုခြင်း ဖြစ်သည်။

အဆင့် (၂) ရှိရင်းစွဲအာဟာရဓာတ်များကို အကျိုးရှိစွာအသုံးပြုခြင်း

ရေမြေသဘာဝနှင့် နေရာဒေသကိုယ်စားပြု အပင်အာဟာရဓာတ်များ စီမံခန့်ခွဲမှုနည်းပညာသည် မြေဆီလွှာ၊ ဇီဝမြေသြဇာ၊ သစ်ဆွေးဓာတ်၊ တိရိစ္ဆာန်အညစ်အကြေးနှင့်သွင်းရေများမှ သဘာဝအလျောက်ရရှိသော ရှိရင်းစွဲ အာဟာရဓာတ်များကို အကျိုးရှိစွာအသုံးပြုနိုင်ရေးကိုလည်း လုပ်ဆောင်ပါသည်။

သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကို လုံးဝထည့်သွင်းခြင်းမပြုသည့် စပါးစိုက်ကွက်များမှ ရရှိသော စပါးအထွက်ကို အခြေခံ၍ သဘာဝအလျောက် ရရှိသော ရှိရင်းစွဲ အာဟာရဓာတ်များ၏ ပမာဏကို ခန့်မှန်းနိုင်ပါသည်။

အဆင့် (၃) စပါးပင်၏ စုစုပေါင်း အာဟာရ လိုအပ်ချက်ပမာဏနှင့် ရှိရင်းစွဲအာဟာရများ၏ ဖြည့်တင်းပေးနိုင်သော ပမာဏကို မူတည်၍ ဓာတ်မြေသြဇာကို ထပ်မံ ဖြည့်စွက်ထည့်သွင်းပေးခြင်း

မြေအတွင်း၌ သဘာဝအလျောက်ရှိရင်းစွဲဖြစ်သော အာဟာရဓာတ်ပမာဏသည် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လုံလောက်မှုမရှိပါ။ ထို့ကြောင့် နိုက်ထရိုဂျင်၊ ဖော့စဖိတ်နှင့် ပိုတက်စီယမ်စသော ဓာတ်မြေသြဇာများကို ထပ်မံဖြည့်စွက် ထည့်သွင်းပေးရန် လိုအပ်ပါသည်။ ဓာတ်မြေသြဇာ လိုအပ်ချက်ပမာဏကို ခန့်မှန်းရာတွင် ပန်းတိုင်အထွက်နှုန်း ပြည့်မီင်္ရေးအတွက် စပါးပင်က စုစုပေါင်းလိုအပ်ချက်ပမာဏနှင့် သဘာဝအလျောက် ဖြည့်တင်းပေးနိုင်သော ရှိရင်းစွဲပမာဏ (၂)ရပ်၏ ခြားနားချက်ရလဒ်အပေါ်အခြေခံ၍ ဆုံးဖြတ်ပါသည်။

ဖြည့်စွက်ထည့်သွင်းပေးရန်လိုအပ်သော နိုက်ထရိုဂျင်ဓာတ်မြေသြဇာကို စပါးပင်က လိုအပ်ချိန်တွင် ကျွေးနိုင်ရန် အပင်သက်တမ်းကာလတစ်လျှောက်အတွင်း အကြိမ်ကြိမ် ခွဲဝေထည့်သွင်းပါသည်။ ဖော့စဖိတ်နှင့် ပိုတက်စီယမ်ဓာတ်မြေသြဇာများကိုလည်း လိုအပ်ချက် ပမာဏကို ပြည့်မီအောင် ဖြည့်စွက်ထည့်သွင်းရပါမည်။


စပါးပင်က အာဟာရဓာတ်များကို အစွမ်းကုန်စုပ်ယူစားသုံးနိုင်ရေးနှင့် အထွက်နှုန်းမြင့်မားစေရေးအတွက် ရေမြေသဘာဝနှင့် နေရာဒေသကိုယ်စားပြု အပင်အာဟာရဓာတ်များ စီမံခန့်ခွဲခြင်းနည်းပညာ ကို အောက်ဖော်ပြပါ အချက်များအပေါ် အခြေခံ၍ အသုံးပြုပါသည်။

(၁)
ထပ်မံဖြည့်စွက်ထည့်သွင်းရမည့် နိုက်ထရိုဂျင်ပမာဏသည် အနည်းငယ်မျှသာ လိုအပ်မည်ဆိုပါက မျိုးစေ့တိုက်ရိုက်ချစနစ် (Direct Seeding) အတွက် မျိုးစေ့ချအပြီး(၁၄) ရက်နှင့် ပျိုးထောင်ကောက်စိုက်စနစ် (Transplanting) အတွက် ကောက်စိုက်အပြီး (၂၁) ရက် အတွင်းပမာဏ အသင့်အတင့်ထည့်သွင်းရန်။

(၂)
မျိုးစေ့တိုက်ရိုက်ချအပြီး (၁၄)ရက်နှင့် ကောက်စိုက်အပြီး (၂၁) ရက်နောက်ပိုင်း ထပ်မံဖြည့်စွက် ထည့်သွင်းရမည့် နိုက်ထရိုဂျင်ကို အပင်ကလိုအပ်ချိန်တွင် ကျွေးနိုင်ရန်စပါးရွက်အရောင်ကို ကြည့်ရှုရပါမည်။ စပါးအရွက်အရောင်တိုင်းကဒ် (Leaf Color Chart – LCC) သည် စပါးရွက်တွင်ပါဝင်သည့် နိုက်ထရိုဂျင်ကို ခန့်မှန်းရန်နှင့် စပါးပင်က
အာဟာရလိုအပ်ချိန်ကို သိရှိရန် အသုံးပြုသော ကဒ်ပြားဖြစ်ပါသည်။

(၃)
ဖော့စဖိတ်ကို နောက်ဆုံးသမန်းပြင်ချိန် (မျိုးစေ့တိုက်ရိုက်မချမီ/ကောက်မစိုက်မီ)တွင် ထည့်သွင်းရန်။

(၄)
ပိုတက်စီယမ်ကို (၂) ကြိမ်ခွဲဝေထည့်သွင်းရပါမည်။ ပထမအကြိမ်ထည့်သွင်းရာတွင် စုစုပေါင်းပမာဏ၏ ထက်ဝက်ကို နောက်ဆုံးတမန်းပြင်ချိန်တွင် ထည့်သွင်းပြီး လက်ကျန်တစ်ဝက်ကို အနှံလောင်းဖြစ်တည်စအချိန် (Panicle Initiation Stage) တွင် ဒုတိယအကြိမ်အဖြစ် ထည့်သွင်းရပါမည်။ အကယ်၍ ထပ်မံဖြည့်စွက် ထည့်သွင်းရမည့်ပမာဏသည် အနည်းအကျဉ်းဖြစ်ပါက နောက်ဆုံးတမန်းပြင်ချိန်တွင် တစ်ကြိမ်တည်းအပြီး ထည့်သွင်းရမည်။


ဆက်လက်ရေးသားပါဦးမည်။

This article originally appeared in English-version at: IRRI Myanmar
Photo Reference: IRRI

Advertisements