ယခုအကြိမ်လေ့လာမည့် အကြောင်းအရာတွင် စပါးစိုက်ပျိုးသည့် နည်းစနစ်အမျိုးမျိုးအကြောင်း ကို အကျယ်ရှင်းလင်းသွားမည်ဖြစ်ပြီး ပျိုးထောင်ကောက်စိုက်စနစ်၊ အစိုတမန်းပြင်၌ မျိုးစေ့တိုက်ရိုက်ချစိုက်စနစ်များနှင့် အခြောက်တမန်းပြင်၌ မျိုးစေ့တိုက်ရိုက်ချ စိုက်စနစ်များဟူ၍ အပိုင်း (၃) ပိုင်း ခွဲခြား၍ အသေးစိတ် ဖေါ်ပြရေးသားထားပါသည်။

(၁)  ပျိုးထောင်ကောက်စိုက်စနစ်

ပျိုးထောင်ကောက်စိုက်စနစ်သည် မြန်မာလယ်သမားထုအတွင်း ယေဘုယျ အသုံးပြုသော နည်းလမ်းတစ်ရပ်ဖြစ်သည်။ အသက် ရက် ၁၅-၄၀ ရက်သားခန့်ရှိသော ပျိုးပင်များကို ပျိုးခင်းမှ နှုတ်ယူ၍ တမန်းကောင်းပြီး မြေမျက်နှာပြင် ညီညာသော စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးခြင်း စနစ်ဖြစ်သည်။ ကောက်စိုက်ရာတွင် နေရာဒေသနှင့် လူမှုစီးပွားရေး အခြေအနေများအပေါ် မူတည်၍ လက်၊ ခက်ရင်း၊ ကောက်စိုက်စက် စသည်တို့ဖြင့် စိုက်ပျိုးလေ့ရှိသည်။

ပျိုးထောင်ကောက်စိုက်စနစ်၏ အားသာချက်များမှာ  မြေသားမျက်နှာပြင်နှင့် ရေနေရေထိုင်မညီညာသော စိုက်ခင်းများအတွက် အသုံးပြုရန်အထူးသင့်လျော်သည်။ ထို့ အပြင် တမန်းပြင်ညီညာခြင်းနှင့် ပျိုးပင်အရွယ်အစား ညီညာခြင်းရှိပါက အရွယ်ညီသောစပါးပင်များ ရရှိသဖြင့် ပန်းပွင့်ချိန်၊ အနှံထွက်ချိန်၊ ရင့်မှည့်ချိန်နှင့် ရိတ်သိမ်းချိန်များပါ တူညီသောကြောင့် လေလွင့်ဆုံးရှုံးမှု လျော့နည်းနိုင်သည်။ စောလျင်စွာ အပင်ကြီးထွားခွင့်ရသောကြောင့် ပေါင်းမြက်များကို ဖိနှိမ်နိုင်သည်။

သို့ သော် ၄င်းစနစ်၏ အားနည်းချက်များအနေဖြင့် လေ့လာတွေ့ ရှိချက်များအရ လယ်ယာလုပ်သား ရှားပါးပါက အချိန်မီကောက်စိုက်ရန် အခက်အခဲရှိနိုင်သည်။ အချိန်၊ အရင်းအနှီးနှင့် လုပ်အား ပိုမိုသုံးစွဲရသည်။  ပုလဲမြေသြဇာကို မြေခံအဖြစ် ထည့်သွင်းရာတွင် နှုန်းထားများပါက ကြုံလှီအားနည်းသော ပင်ပွားများထွက်ရှိ လာနိုင်သည်။

ဤပျိုးထောင်ကောက်စိုက်စနစ်တွင် • ယေဘုယျအသုံးပြုသောကောက်စိုက်စနစ် • အပင်အာဟာရ ထည့်သွင်းရေးအတွက် ကြိုတင်စဉ်းစားရမည့်အချက်များ • အာဟာရဓာတ် (မြေခံ) ထည့်သွင်းခြင်း • ပျိုးနှုတ်ခြင်း • ကောက်စိုက်ခြင်း • ကောက်ကွက်အကွာအဝေး • ကောက်ကွက်တစ်ကွက်ရှိကောက်ပင်အရေအတွက် • ကောက်ချက်အနက် • ကျင်းပျောက်/ပင်ပျောက်ဖာထေးခြင်း • ကောက်စိုက်အပြီး ရေသွင်းထားရှိခြင်း … စသည့်အဆင့်များ ပါဝင်သည်။


(၂) အစိုတမန်းပြင်၌ မျိုးစေ့တိုက်ရိုက်ချစိုက်စနစ်များ

အစိုတမန်းပြင်၌ မျိုးစေ့တိုက်ရိုက်ချစိုက်စနစ်သည်  ရေပြောင်ထုတ်ထားသော အစိုတမန်းပြင်ပေါ်၌လည်းကောင်း၊ ရေနေရေထိုင် ၂”- ၄” လက်မခန့် ရှိသော တမန်းပြင်ပေါ်တွင်
လည်းကောင်း၊ ကြိုတင် အညှောက်ဖေါက်ထားသောမျိုးစေ့များကို တိုက်ရိုက်စိုက်ပျိုးခြင်း ဖြစ်သည်။

အစိုတမန်းပြင်၌ မျိုးစေ့တိုက်ရိုက်ချစိုက်စနစ်၏ အားသာချက်များမှာ ဤစနစ်ကို ဆည်ရေသောက် ဒေသများ၊ ရေသွင်း၊ ရေထုတ်လွယ်ကူသော ဒေသများနှင့် နွေစပါးစိုက်ပျိုးရာဒေသများတွင် ယေဘုယျ အားဖြင့်ကျင့်သုံးလေ့ရှိသော စိုက်ပျိုးရေးစနစ်ဖြစ်သည်။

သို့ သော် ၄င်းစနစ်၏ အားနည်းချက်များအနေဖြင့် အစိုတမန်းပြင်ပေါ်ရှိ စပါးမျိုးစေ့များကိုငှက်/ကြွက်များ ဖျက်ဆီးခြင်းနှင့် လိုအပ်ချိန်နှင့် လိုအပ်သည့် ပမာဏအတိုင်း
ရေသွင်း/ရေထုတ်ရန် အခက်အခဲများရှိခြင်း တို့ ဖြစ်ကြသည်။

အစိုတမန်းပြင်၌ မျိုးစေ့တိုက်ရိုက်ချစိုက်စနစ်များတွင် • အစိုတမန်းပြင်၌ မျိုးစေ့တိုက်ရိုက်မချမီ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများ • ကြိုးတန်းဆွဲ၍ ကြွက်မြီးတန်း လက်ဖြူးချခြင်း • ကြိုးတန်းဆွဲ၍ ဆက်ရက်ခုန်လက်စုချခြင်း • ကြဲပက်စိုက်ပျိုးခြင်း • မျိုးစေ့ချကရိယာဖြင့် စိုက်ခြင်း • ရေခံကြဲခင်းစနစ် … စသည့်အဆင့်များ ပါဝင်သည်။


(၃) အခြောက်တမန်းပြင်၌ မျိုးစေ့တိုက်ရိုက်ချစိုက်စနစ်များ

အခြောက်တမန်းပြင်၌ မျိုးစေ့တိုက်ရိုက်ချစိုက်စနစ်အား ရေကြီးကွင်း၊ရေနက်ကွင်းဒေသများ၊ မိုးပါးရေရှား ဒေသများနှင့် ကုန်းမြင့်ပိုင်းဒေသများတွင် အခြောက်တမန်းပြင်၌ မျိုးစေ့တိုက်ရိုက်စိုက်ခြင်း စနစ်ကို ယေဘုယျအားဖြင့် အသုံးပြုလေ့ရှိသည်။

အခြောက်တမန်းပြင်၌ မျိုးစေ့တိုက်ရိုက်ချစိုက်စနစ်၏ အားသာချက်များမှာ လုပ်အား၊ အချိန်နှင့်ငွေကြေး အရင်းအနှီး အထူးလျော့ပါး သက်သာသည်။ ပျိုးထောင်စိုက် စပါးထက် ၇-၁၀ရက်ခန့် စော၍ရင့်မှည့်သည်။ ထို့ကြောင့် သီးထပ်စိုက်ရန် အခွင့်အလမ်းများသည်။

သို့ သော် ၄င်းစနစ်၏ အားနည်းချက်များအနေဖြင့် အပင်မပေါက်မီ မျိုးစေ့များကို ကြွက်/ငှက်များ ဖျက်ဆီးခံရလေ့ရှိသည်။ အပင်ပေါက်မညီညာပါ။ မသန်စွမ်းပါ။ အမြစ်ဖွဲ့စည်းမှု အားနည်း၍ယိုင်လဲနိုင်သည်။ ပေါင်းမြက်အလွန်ထူပြောသည်။

အခြောက်တမန်းပြင်၌ မျိုးစေ့တိုက်ရိုက်ချစိုက်စနစ်များတွင် • အခြောက်တမန်းအတွက် မြေယာပြုပြင်ခြင်း • မျိုးရွေးချယ်ခြင်း • မျိုးစေ့နှုန်း • အခြောက်တမန်းပြင်ကြဲခင်း • အခြောက်တမန်းပြင် အတန်းလိုက်အစေ့ချစိုက်စနစ် • စူးထိုးစိုက်စနစ် … အစရှိသော အဆင့်များ အသီးသီးပါဝင်ကြသည်။


(၁)  ပျိုးထောင်ကောက်စိုက်စနစ်

dapog-method-seedlings

(၁.၁) ယေဘုယျအသုံးပြုသောကောက်စိုက်စနစ် အနေဖြင့် –

• လက်ဖြင့် ကောက်စိုက်ခြင်းသည် မြန်မာလယ်သမားများ၏ ယေဘုယျ အသုံးပြုသောစနစ်ဖြစ်သည်။ ဤစနစ်သည် လယ်ယာလုပ်သား ပေါများသောဒေသများ အတွက်
သင့်လျော်မှုရှိပါသည်။

• မိမိစိက်ကြိုက် ကောက်ကွက်အကွာအဝေး၊ ကောက်ကွက် ၁ကွက်ရှိ ကောက်ပင်အရေအတွက်နှင့် ၁ ဧက အတွက်လိုအပ်သော ကောက်ကွက် အရေအတွက် ပြည့်မီအောင် စိုက်ပျိုးနိုင်သည်။

(၁.၂) အပင်အာဟာရ ထည့်သွင်းရေးအတွက် ကြိုတင်စဉ်းစားရမည့်အချက်များ အနေဖြင့် –

• တမန်းကောင်းစေရန် မြေယာပြုပြင်သည့် လုပ်ငန်းစဉ်တွင် နောက်ဆုံးတမန်းထွန်ရေးမဝင်မီ ယူရီးယား၊ တီစူပါ၊ ပိုတက်နှင့် ဂျစ်ဆန်ဓာတ်မြေသြဇာတို့ကို မြေခံအဖြစ် ထည့်သွင်းရပါမည်။

• ထည့်သွင်းရမည့် နှုန်းထားမှာမိမိလယ်ကွက်၏ ပုံမှန်အထွက်နှုန်းနှင့် ပိုမိုထွက်ရှိလိုသည့် တင်းအရေအတွက်တို့ကို အခြေခံ၍ ထပ်မံလိုအပ်သည့် အပင်အာဟာရ ဓာတ်ပမာဏကို တွက်ချက်ခန့်မှန်းရန် ဖြစ်သည်။ (ဥပမာ မြန်မာနိုင်ငံ၏ ပျမ်းမျှစပါးအထွက်နှုန်းသည် ၅၀-၆၀ တင်း/ဧက ဖြစ်ပြီး ရည်မှန်းချက် ပန်းတိုင်အထွက်နှုန်းမှာ ၁၀၀တင်း/ဧကဟုသိရှိရပါသည်။

• ထို့ကြောင့် ပန်းတိုင်အထွက်နှုန်းရရှိရန် မူလပုံမှန်အထွက်ထက် စပါးတင်း ၄၀-၅၀ ခန့်အထိ ပိုမိုရရှိရန် လုပ်ဆောင်ရပါမည်။

• ပန်းတိုင် အထွက်နှုန်း တင်း၁၀၀/ဧက (သို့မဟုတ်) မူလထက် စပါးတင်း ၄၀-၅၀ ပိုမိုထွက်ရှိရန် မြေအသုံးချရေးဌာနခွဲ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၏ ထောက်ခံထားရှိသော ဓာတ်မြေသြဇာနှုန်းထားမှာ ပုလဲ ၈၀-၁၀၀ ပေါင်၊ တီစူပါ ၉၀-၁၁၂ ပေါင် နှင့် ပိုတက် ၉၀-၁၁၂ပေါင် အသီးသီးလိုအပ်ပါသည်။ (စပါးပင်၏အာဟာရဓာတ် လိုအပ်ချက်အရ ပုလဲမြေသြဇာကို အကြိမ်ကြိမ်ထည့်သွင်းပေးရသောကြောင့် ၁၁၂ ပေါင်အထိ သုံးစွဲသင့်ပါသည်။

• ဂျစ်ဆန်(ကန့်ဓာတ်)နှင့် ဇီဖာ(သွပ်ဓာတ်)တို့ကို ၁ ဧကလျှင် ပေါင်၁၀၀ နှင့် ၉ ပေါင်အသီးသီးထည့်သွင်းရန် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းက ထောက်ခံထားပါသည်။ (စပါးစိုက်ခင်းတွင် အာဟာဓာတ်များ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများကို ဖော်ပြရာတွင် အထက်ပါ နှုန်းထားများကို အခြေခံပြီး ရှင်းလင်းတင်ပြမည် ဖြစ်ပါသည်။)

(၁.၃) အာဟာရဓာတ် (မြေခံ) ထည့်သွင်းခြင်း အနေဖြင့် –

• နောက်ဆုံး ထွန်ရေးမဝင်မီ တီစူပါ ၁၁၂ ပေါင်၊ ပိုတက် ၅၆ ပေါင်၊ ဂျစ်ဆန် ၁၀၀ ပေါင်နှင့် ဇီဖာ ၉ ပေါင် အသီးသီးကို ညီညာစွာ ကြဲပက်ပါ။

• နောက်ဆုံးတမန်းထွန်ရေးဖြင့်ပင် ဓာတ်မြေသြဇာများကိုမွှေပေးပါ။ ထို့နောက်ကြမ်းတုံးဖြင့် တမန်းမျက်နှာပြင်ကို ညီအောင်ညှိပါ။ (စိုက်ခင်း မျက်နှာပြင် ညီညာရေးသည်
အဓိကကျသော လုပ်ငန်းဖြစ်သည်။)

• တမန်း ပျော်လွန်းပါက တမန်းအိပ်စေရန် ၁-၂ ည ခန့်သိပ်ပါ။ (တမန်းအိပ်လျှင် ကောက်စိုက်ရန် အသင့်ဖြစ်ပြီ။)

(၁.၄)  ပျိုးနှုတ်ခြင်း အနေဖြင့် –

• ပျိုးပင်သည် တိုတုတ်သန်မာခြင်း၊ ညီညာခြင်း၊ ပိုးမွှား/ရောဂါကင်းခြင်း စသော အရည်အချင်းများနှင့် ပြည့်စုံရမည်။

• ပျိုးနှုတ်ရာတွင် ပျိုးခါးကျိုး၊ ပျိုးခေါင်းပြုတ်မဖြစ်စေရန်နှင့် ပျိုးမြစ်များ ပါနိုင်သမျှပါအောင် နှုတ်ရမည်။

• ဘောင်တိုပျိုး (သို့မဟုတ်) မြေဧရိယာ ကျဉ်းကျဉ်းဖြင့် ပျိုးထောင်ခြင်းဖြစ်ပါက ပျိုးသက် ၁၅-၂၀ ရက်သားတွင် နှုတ်ပါ။



ဆက်လက်ရေးသားပါဦးမည်။

This article originally appeared in English-version at: IRRI Myanmar
Photo Reference: IRRI